• LOGIN
  • No products in the cart.

မိမိ ကိုယ်ကို အရင်ခေါင်းဆောင်ကြည့်ပါ (Self-Leadership)

လူငယ်တော်တော်များက ခေါင်းဆောင်လုပ်ချင်ကြပါတယ်။ ဦးဆောင်ချင်ကြပါတယ်။ ခေတ်စကားနဲ့ ပြောရင် မြန်မြန် ဖြတ်လမ်းနည်းနဲ့ အပေါ်ရောက်ချင်တဲ့ သူများပါတယ်။ အချိန်တိုတိုလေး နဲ့ နေရာတစ်ခု ကို ဦးဆောင်ချင်ကြပါတယ်။

ကိုယ်အပေါ်က ဦးဆောင်နေတဲ့ သူတွေကို သိပ်လည်း အထင်မကြီးတတ်ကြသလို၊ ငါဒီနေရာရောက်ရင် ဒီထက်ကောင်းအောင် လုပ်ပြလိုက်မယ်လို့ စိတ်ထဲ က လွယ်လွယ်တွေးထင်ထားတတ်ကြပါတယ်။

လူငယ်ဆိုတာ နောက်တစ်ချိန်မှာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့နေရာတွေ မှာ တာဝန်ယူရမဲ့ သူတွေ၊ အဖွဲ့အစည်း အသီးသီးတွေ မှာ ဦးဆောင်ရမဲ့ သူတွေ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ခေါင်းဆောင်မှုဟာ သိပ်ကို အရေးပါပါတယ်။

ဒါပေမဲ့ ဒီဘက် ခေတ်လူငယ်အများစု က ခေါင်းဆောင်လုပ်ဖို့ ၊ ဦးဆောင်ဖို့ သာ အလျင်လိုတတ်ကြပြီးတော့၊ သူတို့ ခေါင်းဆောင် ဖြစ်ပြီးမှ အောက်သက်မကျေလို့၊ စီမံခန့်ခွဲမှုကောင်းကောင်း မလုပ်နိုင်လို့ ပြန်ပြုတ်ကျသွားရတဲ့ သူတွေလည်း မနည်းမနောပါ။

တကယ်တော့ အများကို ခေါင်းဆောင်မလုပ်ခင်မှာ မိမိ တစ်ကိုယ်ရည်အတွက် အရင် ခေါင်းဆောင် လုပ်ကြည့်ဖို့ အရင် ကြိုးစားသင့်ပါတယ်။ အောက်သက်ကြေပြီး မိမိ ကိုယ်ကို သေချာ ပိုင်းခြား ဆန်းစစ်နိုင်တဲ့ သူတွေရဲ့ အောင်မြင်မှုနဲ့ ခေါင်းဆောင်နိုင်စွမ်းက ရေရှည်လည်း ခံပါတယ်။

အများကို ခေါင်းဆောင်လုပ်မဲ့ သူတစ်ဦးဟာ ကိုယ့်ကိုကိုယ်သေချာ မခေါင်းဆောင်တတ်ရင် အများကို ခေါင်းဆောင်နိုင်လည်း ခဏတာပါပဲ။ ကာလ အရမ်းတိုပါတယ်။

မိမိကိုယ်ကို ကိုယ် စီမံခန့်ခွဲရတာ အင်မတန် လက်ဝင်တယ်၊ ပိုလို့လည်း ခက်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ မိမိ ဘာသာ ခေါင်းဆောင်နေရင်း ကိုယ်ရေးဆွဲတဲ့ ဥပဒေကို ကိုယ်က ပဲ ပြန်ပြန်ဖောက်ဖျက်မိတတ်ပါတယ်။  ဥပမာ ၀ိတ်တက်နေတဲ့ သူ အနေနဲ့ ညနေ (၆) နာရီ နောက်ပိုင်း ညစာ မစားဘူလို့ ပြောပေမဲ့၊ စားစား မိသွားတဲ့အခါတွေ မနည်းမနောပါဘူး။

တစ်လလုံးအတွက် ဘယ်လို အသုံးစရိတ်လျှော့မယ်၊ မလိုတာတွေ မ၀ယ်ဘူးလို့ ပြောပေမဲ့လည်း ၀ယ်လိုက်မိတာတွေရှိတာပါပဲ။

အလုပ်အတွက်၊ ကျောင်းစာအတွက် ဘယ်လိုတွေ အချိန်ပိုပေးပြီး လုပ်လိုက်မယ် အားခဲပေမဲ့၊ မသိမသာ လေး လွတ်လမ်းရှာပြီး လျှော့လျှော့ပေးမိတာပါ။

ဒီလိုပါပဲ မိမိ ဘာသာ ခေါင်းဆောင်နေရင်းနဲ့ပဲ မလိုက်နာတာတွေ အများကြီး ရှိတယ်ဆိုတာ အားလုံး သဘောပေါက်မယ်ထင်ပါတယ်။ မိမိ ကိုယ်ကို ကိုယ်စီမံခန့်ခွဲတဲ့ နေရာမှာ အရမ်းသက်ညာပေးပြီး ထွက်ပေါက်တွေ ပေးပေးလိုက်တာက များပါတယ်။

ဒါကြောင့် အများကို ခေါင်းဆောင် လုပ်ပြီး စီမံခန့်ခွဲမှုတွေ မလုပ်ခင်မှာ မိမိ ကိုယ်ကို စီမံပြီး ခေါင်းဆောင် လုပ်ကြည့်ပါ လို့ အကြံပေးချင်ပါတယ်။ ကိုယ့် ဘာသာ ဘယ်လောက်စီမံနိုင်လဲ ကိုယ်စီမံ မှုကြောင့် ကိုယ်ဘယ်လောက် အကျိုးရလာဒ်တွေ ထွက်လည်း ဆိုတာကို အရင်တိုင်းတာဖို့ လိုပါမယ်။

မိမိ ကိုယ်ကို စီမံခန့်ခွဲမှုကောင်းပြီး ကိုယ်လုပ်ချင်တာကို ဖြစ်အောင် လုပ်နိုင်တဲ့သူဟာ အများကို လည်း ကောင်းကောင်းကြီး ခေါင်းဆောင်မှု ပေးနိုင်ပါပြီ။ ရေရှည်လည်း ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။

ကိုယ်ကိုကိုယ် စီမံတဲ့ နေရာမှာ မညာမိဖို့၊ မသက်ညှာဖို့၊ ကိုယ်ချတဲ့ စည်းကမ်း၊ ကိုယ်ချတဲ့ လမ်းစဉ် ပေါ်မှာ ကိုယ် တကယ်လိုက်လျှောက် အသက်ရှင် နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

လူငယ်တွေကို ခွန်အားပေးချင်တဲ့ အရာလေးက တော့ အရမ်းကို ရှင်းလင်းပြတ်သားပါတယ်။

“သူများကို ခေါင်းဆောင်မလုပ်ခင် မိမိဘာသာ အရင်ခေါင်းဆောင်ကြည့်ပါ။”

 

March 10, 2020

0 responses on "မိမိ ကိုယ်ကို အရင်ခေါင်းဆောင်ကြည့်ပါ (Self-Leadership)"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X