• LOGIN
  • No products in the cart.

အိမ်မှာနေရင်း အွန်လိုင်းမှ ပညာသင်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၅ ချက်

အိမ်မှာနေရင်း အွန်လိုင်းမှ ပညာသင်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၅ ချက်

အွန်လိုင်းသင်ကြားရေးအတွက် အခက်အခဲတစ်ချို့ (လျှပ်စစ်ဓါတ်အား၊ အင်တာနက် ကုန်ကျစရိတ် စသည်) ရှိသော်လည်း အမှန်တကယ်တမ်းတွင် အွန်လိုင်းမှ ပညာသင်ကြားခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။ အွန်လိုင်းပညာသင်ကြားရေးစံနစ် ယနေ့ခေတ်ပညာရေးလောက အတွက် အကြီးကျယ်ဆုံးသော် ပြုပြင်ပြောင်းလဲရေးတစ်ခုပင်ဖြစ်ပါသည်။ ယခုဆောင်းပါးမှာတော့ အွန်လိုင်းပညာရေးစံနစ်၏ အကျိုးကျေးဇူးများစွာထဲက ၅ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အွန်လိုင်းပညာရေးစံနစ်၏ အကျိုးကျေးဇူးများကို မပြောပြခင်မှာ သမားရိုးကျ သင်တန်းများနှင့် အွန်လိုင်းမှ တဆင့်လေ့လာသင်ကြားနိုင်သောသင်တန်များအကြား ကွာခြားမှုအကြောင်းကိုအနည်းငယ် ရှင်းပြပေးချင်ပါတယ်။
သမားရိုးကျသင်တန်းများမှာ တက်ရောက်လေ့လာသင်ယူရန်အတွက် အခက်အခဲတစ်ချို့ရှိပါတယ်။ ပထမဆုံး သင်တန်းကြေး မြင့်မားစွာပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တန်းနေရာများဟာ နေရာပေါင်းစုံကနေလာရောက်နိုင်ရန်အတွက် အချက်အချာကျသောနေရာများမှာ ဖွင့်လှစ်ထားရခြင်းကြောင့် သင်တန်းကြေးမြင့်မားရခြင်းဖြစ်ပါတယ်။ ထို့အပြင် သင်တန်းအချိန်မီရောက်ရန်အတွက်လည်း သင်တန်းသားများအနေဖြင့် အားထုတ်သွားရောက်ဖို့လိုအပ်ပြန်ပါတယ်။

အွန်လိုင်းသင်တန်းတက်ရောက်ရာမှာတော့ အဆိုပါ အခက်အခဲများမရှိတော့သည့်အပြင် လေ့လာနိုင်စွမ်းကောင်းမွန်ပါက မိမိနိုင်ငံမှ ထွက်ခွာရန်မလိုအပ်ပဲ နိုင်ငံတကာ တက္ကသိုလ်များမှ ဘွဲ့ဒဂရီများကိုပင် ရယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ခေတ်သစ်မှာ အွန်လိုင်းပညာရေးစံနစ်ကို စိတ်ဝင်စားသူပိုမိုများပြားလာရခြင်းဖြစ်ပါတယ်။

ကဲ ဆက်ပြီးတော့ အွန်လိုင်းပညာရေးစံနစ်၏ အကျိုးကျေးဇူး ၅ချက်ကို ပြန်သွားလိုက်ကြရအောင်။

၁. သင်နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်လေ့လာနိုင်ခြင်း

အွန်လိုင်းပညာရေးစံနစ် နယ်မြေခြားနားချက်မရှိပါဘူး။ မိမိစိတ်ဝင်စားရာ ဘာသာရပ်ကို ရွေးချယ်လေ့လာနိုင်ပါတယ်။ နယ်မြို့လေးမှာမို့ ကိုယ်တက်ချင်တဲ့သင်တန်း မရှိတာတို့ သင်တန်းချိန်က ကိုယ့်အတွက်အဆင်မပြေတာတို့ကို မေ့ထားလိုက်လို့ရပါပြီ။ ဒါ့အပြင် ဘာသာရပ် အစုံအလင်ရှိတာမို့ မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဝါသနာပါရာပညာရပ်ကို လေ့လာသင်ယူနိုင်ပါတယ်။

ဆိုကြပါစို့ လူငယ်တစ်ယောက်ဟာ ဂီတ နဲ့ပတ်သက်ပြီး ဝါသနာပါတယ်။ လေ့လာသင်ယူလိုစိတ်လဲရှိတယ်။ ပါရမီလည်းပါတယ်။ ဒါပေမယ့် သင်ကြားပေးမယ့်သူမရှိဘူး ဆိုရင် သူ့အိပ်မက်ဟာ အိပ်မက်အဖြစ်နဲ့ပဲ ကွယ်ပျောက်သွားမှာပါ။ ဒီလိုမဟုတ်ပဲ မဖြစ်ဖြစ်အောင် ကြိုးစားလေ့လာပြီး ဂီတလောကထဲကို ဝင်ရောက်ခဲ့ဦးတော့ စံနစ်တကျ သင်ကြားထားခြင်းမရှိတာကြောင့် အောင်မြင်ဖို့ရန် ခက်ခဲမှုများစွာကြုံတွေ့ရနိုင်ပါတယ်။ အကယ်၍သာ အွန်လိုင်းကနေ စံနစ်တကျသင်ကြားထားသော သင်ခန်းစာများကိုလေ့လာပြီး ကိုယ်တိုင်ဖန်တီးနိုင်စွမ်းနှင့် ကြိုစားပါက အောင်မြင်မှုရရှိနိုင်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ လေ့လာရန်မှာလဲ မိမိအိမ်မှာပင် အချိန်ပေးလေ့လာ၍ ရနိုင်သောကြောင့် အခက်အခဲမရှိ
လေ့လာသင်ကြားနိုင်ပါသည်။

၂. သက်တောင့်သက်သာ သင်ကြားနိုင်ခြင်း

စာသင်ခန်းထဲမှာ အချိန်အတိအကျ စာသင်ခန်းကို ဘတ်စ်ကား တက္ကစီစီးပြီး သွားခဲ့ရတဲ့၊ ထိုင်ခုံပေါ်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး စာသင်ရတဲ့နေ့ရက်တွေကို မေ့ပစ်လိုက်ပါတော့။ အွန်လိုင်းသင်တန်းများ ပေါ်ပေါက်လာချိန် မှာ ကိုယ်သင်ယူလိုတဲ့ သင်ခန်းစာများကို လွတ်လွတ်လပ်လပ် အိမ်မှာတင်သင်ယူလို့ရနေပါပြီ။ ကိုယ်အတွက် သက်တောင့်သက်သာရှိမည့် နေရာကို ရွေးချယ်ပြီး အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။ သင့်အတွက် လိုအပ်သည့်အရာများမှာ အင်တာနက်အသုံးပြုနိုင်သော ကွန်ပျူတာ (သို့မဟုတ်) ဖုန်း၊ တက်ဘလက်၊ စားပွဲတစ်လုံးနှင့် သက်တောင့်သက်သာရှိသော ထိုင်ခုံတစ်လုံးသာလိုအပ်ပါသည်။

၃. အွန်လိုင်းသင်ခန်းစာများကို အလုပ်လျောက်လွှာတင် ဖော်ပြနိုင်ခြင်း

မိတ်ဆွေ လုပ်ကိုင်မည့် မည်သည့် လုပ်ငန်းကို မဆို အလုပ်လျောက်ထားချိန်တွင် သင်ကြားထားသော အွန်လိုင်းသင်ခန်းစာများနှင့် ရရှိထားသော အသိအမှတ်ပြုလက်မှတ်များကို အလုပ်လျောက်လွှာပေါ်တွင် ထည့်သွင်းဖော်ပြနိုင်ပါသည်။
အွန်လိုင်းသင်ခန်းစာသင်ယူခြင်းသည် မိတ်ဆွေအနေဖြင့် အဆိုပါသင်ခန်းစာများကို စိတ်ဝင်စားစွာလေ့လာသင်ယူခဲကြောင်း၊ မိတ်ဆွေ လေ့လာသင်ယူရန် ဆန္ဒရှိသူဖြစ်ကြောင်း ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အွန်လိုင်းသင်ခန်းစာများ လေ့လာသင်ယူခြင်းသည် မိမိတစ်ဦးတည်း လေ့လာသင်ယူရခြင်းဖြစ်သောကြောင့် စိတ်ပါဝင်စားမှုမရှိပဲသင်ယူရန်မဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။ တက်ရောက်ထားသော အွန်လိုင်းသင်တန်းများသည် လျောက်ထားသောလုပ်ငန်းခွင်နှင့် သက်ဆိုင်မှုရှိပါက အတိုင်းထက်အလွန်ပင်ဖြစ်သည်။ အဆိုပါအချက်ကပင် သင်သည် လေ့လာသင်ယူလိုစိတ်ရှိပြီး လုပ်ငန်းအပေါ်စိတ်ဝင်စားသူတစ်ဦးဖြစ်ကြောင်း ယုံကြည်မှုရရှိစေနိုင်ပါသည်။

၎. မိမိသင်ကြားနိုင်စွမ်းအလျောက် လေ့လာသင်ယူနိုင်ခြင်း

အွန်လိုင်းပေါ်တွင် သင်ခန်းစာများကို စတင်လေ့လာချိန်မှာ သင်ရဲ့ လေ့လာသင်ယူနိုင်စွမ်းကို သင်သတိထားမိလာပါလိမ့်မယ်။ လေ့လာနိုင်စွမ်းဆိုတာကတော့ သင်တန်းသားတစ်ယောက်ဟာ သင်ခန်းစာ စတင်လေ့လာချိန်မှစပြီး မိမိနားလည်နိုင်စွမ်းအပေါ်မူတည်ပြီ လေ့လာပြီးဆုံးနိုင်မည့်အချိန်ကို သတ်မှတ်ထားနိုင်ပါတယ်။ အဆိုပါသတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအတိအကျ သို့မဟုတ် သတ်မှတ်ချိန်ထက်စောပြီး သင်ခန်းစာကို ပြီးမြောက်သည်အထိ လေ့လာနိုင်ပါက လေ့လာနိုင်စွမ်း ကောင်းမွန်သည်ဟု ဆိုနိုင်ပါတယ်။ သင်ယူနေချိန်တွင် အခြားအကြောင်းအရာများကို မေ့ဖျောက်ထားနိုင်ပြီး သင်ကြားမှုကိုသာ ဦးစားပေးနိုင်စွမ်းရှိသူသည် အခြားသူများထက် ပိုမိုလေ့လာသင်ယူနိုင်မည်ဖြစ်ပြီး သူများထက်စာလျှင် ခေါင်းတစ်လုံးပိုသာနေနိုင်သည်ဟုပင်ဆိုနိုင်ပါသည်။

အွန်လိုင်းသင်ခန်းစာလေ့လာခြင်းသည် မိမိတွင်လိုအပ်နေသော အရည်အချင်းများကို လေ့လာသင်ယူခြင်းဖြစ်တာကြောင့် လေ့လာသင်ယူနိုင်စွမ်းကောင်းသူအနေဖြင့် လုပ်ငန်းခွင်အတွက် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

၅. ကုန်ကျစရိတ်သက်သာခြင်း

အစပိုင်းတွင်ပြောခဲ့သလို သမားရိုးကျသင်တန်းများသည် နေရာအခက်အခဲများကြောင့် သင်တန်ကြေးမြင့်မားလေ့ရှိပါသည်။ အွန်လိုင်းသင်ခန်းစာများမှာ ထုတ်လုပ်မှုစရိတ်သာရှိသောကြောင့် သမားရိုးကျသင်တန်းများထက် သင်တန်းကြေး သက်သာစွာဖြင့် လေ့လာသင်ယူနိုင်သောကြောင့် ငွေကြေးအခက်အခဲမရှိသည့်အပြင် သင်ခန်းစာအများအပြားကိုလည်း လေ့လာသင်ယူနိုင်သောကြောင့် သင်တန်းသားများအတွက် အကျိုးရှိလှပါသည်။ သင်တန်းသို့သွားရောက်ရသော လမ်းစရိတ်နှင့် အခြားကုန်ကျစရိတ်များမရှိခြင်းကြောင့်လည်း ကုန်ကျစရိတ်သက်သက်သာသာဖြင့် မိမိနှစ်သက်သော ဘာသာရပ်ကို လေ့လာရခြင်းမှာ အလွန်ကောင်းမွန်သော အကျိုးကျေးဇူးတစ်ခုရရှိခြင်းပင်ဖြစ်ပါသည်။
ထို့အပြင် အွန်လိုင်းသင်တန်းများတွင် အချို့သောသင်ခန်းစာများကို အခမဲ့လေ့လာသင်ယူနိုင်သောကြောင့် ဘာသာရပ်တစ်ခုလုံးမသင်ကြားမီ မိမိလေ့လာသင်ယူနိုင်ခြင်းရိမရှိ စမ်းသပ်လေ့လာနိုင်သောကြောင့် သင်တန်းတက်ရောက်ပြီးမှ စိတ်ဝင်စားမှုမရှိတော့သဖြင့် သင်တန်းစရိတ် ဆုံးရှုံးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးသည်။

အချုပ်အားဖြင့် ဆိုရသော် အွန်လိုင်း ပညာသင်ကြားရေးစံနစ်သည် ခေတ်နှင့်အညီ ပေါ်ပေါက်လာသော စံနစ်တစ်ခုဖြစ်ပြီး သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာရှိခြင်းကြောင့် လေ့လာသင်ယူသင့်သော ပညာသင်ကြားရေးစံနစ်တစ်ခုဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

July 14, 2018

0 responses on "အိမ်မှာနေရင်း အွန်လိုင်းမှ ပညာသင်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၅ ချက်"

Leave a Message

Your email address will not be published. Required fields are marked *

© Copyright 2017 - | COURSECOM by UMG IDEALAB TECH INCUBATOR | All Rights Reserved.
X